ကိုယ်ဝန်ဆောင်နေချိန်မှာ စားပေးသင့်တဲ့ အသီးအနှံ (၇) မျိုး
ကိုယ်ဝန်ဆောင်ချိန်ဆိုတာက မိခင်ကိုယ်တိုင်အတွက်ရော မိခင်ဗိုက်ထဲက ကလေးပါ ကျန်းမာစေဖို့အတွက် အစားအစာကို တော်တော်လေး ဂရုစိုက်ပြီး ရွေးချယ်ရပါတယ်။ မိခင် စားသုံးမှုက ဗိုက်ထဲက ကလေးလေးရဲ့ အာဟာရလိုအပ်ချက်ကို ဖြည့်တင်းပေးနေသလို ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု အပေါ်မှာလည်း တိုက်ရိုက်သက်ရော်ကနေတာကြောင့်ပါ။
ဒါကြောင့် ကိုယ်ဝန်ဆောင်နေချိန်မှာ အာဟာရပြည့်ဝ ကျန်းမာအောင် စားသုံးသင့်တယ်လို့ ဆိုကြတာပေါ့။ ဒီလို ကျန်းမာစေတဲ့ အာဟာရအနေနဲ့ အဓိက စားသုံးမှုတွေထဲမှာ ပါဝင်နေတဲ့ စားစရာ တစ်မျိုးက သစ်သီးတွေပါ။ ဒီတော့ ကိုယ်ဝန်ဆောင်နေချိန်မှာ မိခင်ရော ကလေးပါ ကျန်းမာစေဖို့ ဘယ်လို သစ်သီးလေးတွေ စားပေးသင့်လဲဆိုတာကို ဗဟုသုတလေး မျှဝေပေးချင်ပါတယ်။
ကိုယ်ဝန်ဆောင်နေချိန်မှာ သစ်သီးတွေ စားရင် ကျန်းမာမှာလား
ကိုယ်ဝန်ဆောင်ချိန်မှာ သစ်သီးတွေ စားသုံးတာက လိုအပ်တဲ့ အာဟာရတွေကို ရရှိစေပြီး မိခင်ကိုရော ကလေးကိုပါ ကျန်းမာစေပါတယ်။ သစ်သီးတွေမှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပြီး မိခင်ကို ဝမ်းချုပ်တာလိုမျိုး အဖြစ်များတဲ့ ကိုယ်ဝန်ဆောင် ကျန်းမာရေး ပြဿနာတွေကို ကင်းဝေးစေသလို ကလေးကိုလည်း အသားအရေကစလို့ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးတာပါ။
ကိုယ်ဝန်ဆောင်မိခင် စားပေးသင့်တဲ့ အသီးတွေ
ကိုယ်ဝန်ဆောင်မိခင် စားပေးသင့်တဲ့ အသီးတွေထဲကမှ အလွယ်ကူဆုံး ဖြစ်မယ့် အသီး (၇) မျိုးကို ပြောပြပေးချင်ပါတယ်။
၁. လိမ္မော်သီး
လိမ္မော်သီးမှာ ရေဓာတ်၊ ဖောလိတ်၊ ဗီတာမင် စီတို့ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝစေဖို့ အားဖြည့်ပေးသလို သံဓာတ် ချို့တဲ့မှုကြောင့် သွေးအားမနည်းစေဖို့လည်း လုပ်ဆောင်ပေးပါတယ်။ ကလေးရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ် ကောင်းကောင်း ဖွံ့ဖြိုးစေဖို့လည်း ထောက်ကူပေးပါတယ်။
၂. သရက်သီး
ဗီတာမင် အေ နဲ့ ဗီတာမင် စီ ပြည့်ဝတဲ့ သရက်သီးမှည့်က ကိုယ်ခံအား တက်စေပြီး ကိုယ်ဝန်နောက်ဆက်ဆွဲ ပြဿနာတွေ ကင်းဝေးစေဖို့ ထောက်ကူပေးပါတယ်။ ကလေးမှာ အသက်ရှူလမ်းကြောင်းရောဂါ ကင်းစေပြီး ကိုယ်ခံအား ကောင်းစေဖို့ လုပ်ဆောင်ပေးမှာပါ။
၃. ထောပတ်သီး
ဗီတာမင် စီ၊ ဗီတာမင် အီး၊ ဗီတာမင် ကေတို့ ပါဝင်နေသလို အမျှင်ဓာတ်၊ ပိုဓာတ်ဆီယမ်၊ ကော့ပါးတို့ ပါဝင်နေတဲ့ ထောပတ်သီးက ကလေးအာရုံကြောစနစ်ကို ကောင်းကောင်း ဖွံ့ဖြိုးစေပြီး ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာ၊ ကိုယ်ဝန်ဆိပ်တာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါလိမ့်မယ်။
၄. မာလကာသီး
ဗီတာမင် စီ နဲ့ ဗီတာမင် အီးတို့ အပြင် ကာရိုတီးနွိုက်၊ ဖောလိတ်တို့ ပါဝင်နေတဲ့ မာလကာသီးက ကိုယ်ဝန်ဆောင်တိုင်း စားသင့်တဲ့ အသီးတစ်မျိုးပါ။ ကြွက်သားတွေပြေလျော့စေပြီး အစာကြေစေသလို ဝမ်းချုပ်မှု ကင်းစေမှာပါ။
၅. ငှက်ပျောသီး
ဗီတာမင် စီ၊ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်တို့ ပါဝင်နေတဲ့ ငှက်ပျောသီးက ဝမ်းမှန်စေပြီး ကိုယ်ဝန်ဆောင်ချိန် ပင်ပန်းနွမ်းနယ်တာကို သက်သာစေပါတယ်။
၆. စပျစ်သီး
စပျစ်သီးက ကိုယ်ခံအားကို အားပေးတဲ့ ဗီတာမင် စီ နဲ့ ဗီတာမင် ကေ တို့ ပါဝင်နေသလို ဖောလိတ်၊ အမျှင်ဓာတ် နဲ့ အင်ဒီအောက်ဆီးဒင့်တွေလည်း ပါဝင်နေပါတယ်။ ဒီဓာတ်တွေက ကိုယ်ဝန်သည် မေမေကိုရော ဗိုက်ထဲက ကလေးလေးကိုပါ ကျန်းမာစေမှာပါ။ ကူးစက်ရောဂါတွေ အန္တရာယ်ကနေလည်း ကာကွယ်ပေးမှာပါ။
၇. ပန်းသီး
ပန်းသီးမှာ ဗိုက်ထဲက ကလေးလေးကို ကြီးထွားစေဖို့ အားဖြည့်ပေးမယ့် ဗီတာမင် အေ၊ ဗီတာမင် စီ၊ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်တို့ ပါဝင်နေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ပန်းသီး စားတာက ကလေးမှာ ပန်းနာရင်ကျပ် မဖြစ်အောင် ကာကွယ်ပေးရာ ရောက်သလို ဓာတ်မတည့်မှု မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ သစ်သီးစားပေးတာက မိခင်ရော ကလေးကိုပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။
မွန်မွန်